ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှိုင်းယှဉ်ချက် စာတမ်းသည် နာဂစ်ကာလအတွင်း
န အ ဖ စစ်အစိုးရ အတည်ပြုခဲ့သော ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့် ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုများ ရေးဆွဲသော ဖက်ဒရယ် ပြည်ထောင်စု သမတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (ဒုတိယ မူကြမ်း) တို့အား နှိုင်းယှဉ်ထားသည့် စာတမ်းဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှိုင်းယှဉ်လေ့လာရေး ကော်မတီမှ ထုတ်ဝေဖြန့်ချီခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီကာလအတွင်း မြန်မာနိုင်ငံသားများ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ လေ့လာရန် အထူးလိုအပ်နေပါသည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှိုင်းယှဉ်လေ့လာရေး ကော်မတီမှ ထုတ်ဝေဖြန့်ချီခဲ့သည့် စာတမ်းကို တဆင့်ပွား ပြန်လည် ဖြန့်ချီလိုက်ခြင်း ဖြစ်သည်။
စာတမ်း အပြည့်အစုံကို ဤအင်တာနက် စာမျက်နှာတွင် ဖတ်ရှုလေ့လာ နိုင်ပါသည်။ http://material.ahrchk.net/docs/ahrcburmese/constitution_onscreen_2ndedition_corrected.pdf
....Read more
Sunday, November 8, 2009
Wednesday, November 4, 2009
တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ အပြစ်ပေးခြင်းမှာ မှားယွင်းကြောင်း AHRC ပြောကြား
VOA ---- 4/ 11/ 2009
မြန်မာနိုင်ငံမှာ အတိုက်အခံ နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် သာမန် ပြည်သူတွေ အပေါ် အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးတာကို အဆုံးသတ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆို နေပေမဲ့လည်း အာဏာပိုင်တွေဘက်က မတရားဖမ်းဆီး ထောင်ချတာတွေကို ဆက်ပြီး လုပ်ဆောင်နေပါတယ်။
အခုရက်ပိုင်းတွေ အတွင်းမှာ အတိုက်ခံ နိုင်ငံရေး လှုပ်ရှားသူတွေ၊ ပြည်တွင်း စာနယ်ဇင်း သမားတွေအပြင် သတင်းထောက်တွေ အပါအ၀င် သာမန်ပြည်တွေ အပေါ်မှာလည်း အစိုးရ အာဏာပိုင်တွေဘက်က တိုးမြှင့်ပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။
လျှပ်စစ်မီး ပုံမှန်မရတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို တိုင်ကြား ခဲ့တဲ့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၃ ရပ်ကွက် အတွင်းက ဦးခင်မောင်ကြည်ကို တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ တနလာင်္နေ့မှာ ထောင်ဒဏ် ၂ လ ချမှတ်လိုက် ပါတယ်။
အခုလိုမျိုး မြန်မာနိုင်ငံ အတွင်းမှာ ဥပဒေကြောင်းအရ မတရားဖမ်းဆီး အရေးယူနေတာနဲ့ ပတ်သက်ပြီး အနီးကပ်လေ့လာ စောင့်ကြည့်မှုတွေ လုပ်နေတဲ့ အာရှ လူ့အခွင့်အရေး ကောမရှင်မှ ဦးမင်းလွင်ဦးကတော့ အခုလို ပြောပါတယ်။
“ဦးခင်မောင်ကြည်ကို ထောင်ဒဏ် ၂ လ အပြစ်ပေး လိုက်တယ်လို့ ကျနော်တို့ သိရတယ်။ အဲဒီလို အပြစ်ပေးလိုက်တဲ့ ကိစ္စကလည်း တာဝန်ဝတ္တရား နှောင့်ယှက်မှု နဲ့ ပတ်သက်ပြီးတော့ အပြစ်ပေးလိုက်တယ်လို့ ကျနော်တို့ သိရတယ်။ ဒီလို အပြစ်ပေးလိုက်တဲ့ ကိစ္စဟာ ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ မှားယွင်းတဲ့ကိစ္စ ဖြစ်တယ်လို့ ကျနော်တို့ ပြောချင်တယ်။ ဘာကြောင့် ဒါကို ပြောရသလဲ ဆိုလို့ရှိရင် ဦးခင်မောင်ကြည်က ဒီဝန်ကြီးဌာနတွေရဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေ မှားယွင်းနေတယ် ဆိုလို့ရှိရင် တိုင်တန်းနိုင်တယ်ဆိုလို့ သူက လျှပ်စစ်ဝန်ကြီးဌာနကို တိုင်တန်းတာ ဖြစ်တယ်။ အဲဒီလို တိုင်တန်းတဲ့အတွက် အခုလိုမျိုး တာဝန်ဝတ္တရား နှောင့်ယှက်မှုတွေနဲ့ ထောင်ဒဏ် ၂ လ အပြစ်ပေး လိုက်တာဟာ လွန်စွာမှပင် မှားယွင်းတယ်လို့ ကျနော်တို့ ပြောချင်တယ်။”
အစိုးရ အာဏာပိုင်တွေဘက်က ဦးခင်မောင်ကြည်ကို ၀တ္တရား နှောင့်ယှက်မှုနဲ့ အမြင့်ဆုံး ချမှတ်နိုင်တဲ့ အပြစ်ဒဏ် ဟာ ထောင်ဒဏ်၂ လ ချမှတ်ခဲ့တာပါ။ အခု အချိန်မှာတော့ ဦးခင်မောင်ကြည်ကို ဖမ်းဆီးထိန်းသိမ်း ထားတာဟာ ၂ လ ကျော်ပြီ ဖြစ်တဲ့အတွက် ဥပဒေ ကြောင်းအရ ဆိုရင် ဦးခင်မောင်ကြည်ဟာ လွတ်မြောက်လာရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရပ်ရွာ ရယက နဲ့ မြို့နယ် ပြည်သူ့ရဲ ကနေပြီးတော့ ရပ်ရွာတွေ ဖြစ်ပျက်နေတာကို တိုင်ကြားတဲ့အတွက် ဆိုပြီး ဦးခင်မောင်ကြည်ကို ခြေချုပ်နဲ့ ခံဝန် အက်ဥပဒေ ပုဒ်မ (၅-၁/ စ-ဆ) တို့နဲ့ တရားစွဲဆို ခဲ့ပါတယ်။ ဒီလိုမျိုး တိုင်ကြားခဲတဲ့ အပေါ်မှာ အမှုနှစ်ခုနဲ့ တရားစွဲဆိုခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဦးမင်းလွင်ဦးက အခုလို ပြောပါတယ်။
“မှုခင်းဖြစ်ရပ် တခုတည်းအပေါ်မှာဘဲ အမှုကို ၂ မှု ခွဲပြီး စွဲဆိုထားတဲ့အတွက် ဒီကိစ္စက မှားယွင်းတယ်လို့ ကျနော်တို့ ပြောချင်တယ်။ ဒါကြောင့် ဦးခင်မောင်ကြည်ဟာ ယခုလို လျှပ်စစ်ဝန်ကြီးဌာနတွေကို တိုင်တန်းတဲ့အတွက် ထောင်ဒဏ် ၂ လ အပြစ်ပေးတယ် ဆိုလို့ရှိရင် ယခု ဖမ်းဆီးထားတာက ၄ လ နီးပါးရှိပြီ ဖြစ်တဲ့အတွက် သူ့ကို ပြန်လည် လွှတ်ပေးရမယ် ဖြစ်တယ်။ ထိုနည်းတူစွာပဲ ရယက က စွဲဆိုထားတဲ့ အမှုတွေကိုလည်း တပြိုင်နက်တည်း ရုပ်သိမ်းပေးဖို့ ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ တောင်းဆိုပါတယ်။”
မြန်မာနိုင်ငံအတွင်းမှာ နာရေးကူညီမှု လုပ်ငန်းတွေ အပါအ၀င် တခြားလူမှုရေး လုပ်ငန်းတွေကို တက်ကြွစွာ လုပ်ဆောင်နေတဲ့ ရုပ်ရှင်မင်းသား ကျော်သူကိုလည်း စည်ပင်သာယာ အာဏာပိုင်တွေက အခုရက်ပိုင်းတွေ အတွင်းမှာ တရားစွဲ အမှုဖွင့်တာတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် အခုရက်ပိုင်း အတွင်းမှာ နာဂစ်မုန်တိုင်း အတွင်းမှာ ကူညီဆောင်ရွက်ခဲ့တဲ့ ပြည်တွင်း သတင်းထောက်တွေ၊ စာနယ်ဇင်း သမားတွေကို အကြောင်းတစုံတရာ ပြောကြားခြင်းမရှိဘဲ ဖမ်းဆီး ခေါ်ဆောင် သွားတာလည်း ရှိခဲ့ပါတယ်။ အခုလိုမျိုး ဖိနှိပ် ဖမ်းဆီးတာတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဟန့်တားရာရောက်ပြီး ဥပဒေနဲ့ ညီညွတ်မှု မရှိတဲ့အတွက် ဒီလူတွေကို အမြန်ဆုံး လွှတ်ပေးသင့်ကြောင်း ဦးမင်းလွင်ဦးက အခုလို ပြောပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သတင်းထောက်တွေ၊ စာနယ်ဇင်းနဲ့ ဆိုင်တဲ့ လူတွေ၊ အဲဒါတွေကို ဖမ်းဆီးတဲ့ ကိစ္စရပ်တွေက ကျနော်တို့ ဥပဒေ ပြဌာန်းချက် တွေနဲ့ မညီဘူး။ လွှတ်ပေးသင့်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဟန့်တားရာ ရောက်တယ်။ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အတိအလင်း ချိုးဖေါက်ရာ ရောက်တယ်။ ဒါကြောင့် ဒီလူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ တောင်းဆိုတယ်။”
အခုလိုမျိုး ဖမ်းဆီးခံထားရတဲ့ သူတွေအထဲမှာ ရန်ကုန်က အပတ်စဉ်ထုတ် The Voice ဂျနယ်မှာ သတင်းထောက် ကိုသန့်စင်ဦး အပါအ၀င် သတင်းထောက် ၇ ယောက်နဲ့ တခြား အလွတ်သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုပိုင်စိုးဦးတို့ကို နာဂစ်မုန်တိုင်း ကူညီရေး လုပ်ဆောင်ခဲ့တဲ့ လစ်လတ်တဲ့ အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့လည်း သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပါတယ်။

Saturday, October 31, 2009
ညှဉ်းပန်းမှုတွေကို ရပ်တန့်ဖို့ AHRC ကြငြာချက်ထုတ်ပြန်
BBC ---- 30/ 10 2009
မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့တွေရဲ့ နှိပ်စက် ညှဉ်းပန်းမှုတွေကြောင့် ပြည်သူတွေ၊ ဆင်းရဲနွှမ်းပါး သူတွေမှာ ဒုက္ခရောက်ရသလို သူတို့ကို ကူညီစောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းတွေလည်း မရှိသလောက် နည်းနေတာကြောင့် ဒီလိုနှိပ်စက် ညှဉ်းပန်းမှုတွေကို ရပ်တန့်ဖို့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ နှိပ်စက်မှု ညှဉ်းပန်းမှုတွေနဲ့ ပတ်သက်လို့ ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC ရဲ့ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးကို BBC ၀ိုင်းတော်သား ကိုချိုက -
မေး ----- ရဲက နှိပ်စက် ညှဉ်းပန်းနေတယ်ဆိုတော့ ဘယ်လိုပုံစံနဲ့ နှိပ်စက်ညှဉ်းပန်း တာလဲ။
ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား။ တွံတေးမြို့မှာ ဖြစ်ပျက်ခဲ့တာ ဆိုလို့ရှိရင် ဖမ်းဆီးထားတဲ့ လူနှစ်ယောက်ကို ရဲစခန်းသို့ ၀င်ဝင်ချင်း ပုဆိုးကို မျက်နှာမှာ အုပ်လိုက်တယ်။ ပြီးတော့ ၀ိုင်ထိုးကြတယ်။ နောက်တခါ ခြေဖ၀ါးအောက်မှာ သံချွန်ထောက်ထားပြီးတော့ ဆိုင်ကယ်စီးတဲ့ ပုံစံမျိုးနဲ့ စီးခိုင်းတယ်။ အဲတာ ၂ နာရီလောက်ကြာတယ်။ အဲဒါ ပြီးတဲ့အပြင် ခြေတလုံးပေါ်မှာ ၀ါးလုံးစိမ်းနဲ့ နှိပ်တဲ့ဥစ္စာတွေရှိတယ်။ ဒီဟာတွေက လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းတဲ့ ကိစ္စတွေ ဖြစ်တယ်။ ဒီဥစ္စာတွေက ရှေ့တန်းစစ်မျက်နှာမှာ သတင်းရဖို့အတွက် စစ်တပ်က ကျူးလွန်တာတောင်မှာ ခွင့်မလွှတ်နိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဒီနှိပ်စက် ညှဉ်းပန်းမှုတွေကို ရပ်ဖို့လိုတယ်။ မြန်မာနိုင်ငံ အစိုးရအနေနဲ့လည်း အစိုးရကိုယ်တိုင်က နိုင်ငံတကာ ပြဌာန်းထားတဲ့ ညှဉ်းပန်း နှိပ်စက်ခြင်းဆိုင်ရာ လိုက်နာရမဲ့ အနိမ့်ဆုံး စံကို ထည့်ပြီး လိုက်နာသင့်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဌာန်းသင့်တယ်လို့ ကျနော်တို့ ပြောလိုခြင်း ဖြစ်တယ်။
မေး ---- ဒီဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ မပါသေးတဲ့ ဒီအချက်ကို ထည့်ဖို့၊ နောက်တချက်က ကျနော်တို့ နားလည်တာက ကုလသမဂ္ဂမှာလည်း မြန်မာက လက်မှတ်မထိုးရသေးဘူး။ ညှဉ်းပန်းနှိပ်စက်မှုတွေကို မလုပ်ဘူးလို့ UN Convention မှာ လက်မှတ် မထိုးရသေးတော့ ဒါတွေပြုလုပ်ဖို့ အတွက်ကို ဘယ်လို ဆက်လက်ဆောင်ရွက်ဖို့ ရှိသလဲ ခင်ဗျား။
ဦးမင်းလွင်ဦး ------ ဒေသအတွင်းမှာ ရှိနေတဲ့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး အဖွဲ့တို့လိုမျိုး၊ နောက်ပြီး လူ့အခွင့်အရေးကို လေ့လာနေတဲ့ အဖွဲ့တွေရဲ့ မှတ်တမ်းတွေ ရရှိဖို့လိုတယ်။ နောက်ပြီး ပြည်ပမှာ ရှိနေတဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း အသီးသီး ရှိတယ်။ ဒီအဖွဲ့အစည်း အသီးသီးကလည်း ကုလသမဂ္ဂရဲ့ အစည်းအဝေးတွေတိုင်းမှာ မြန်မာအစိုးရက ဒါတွေကို ကျူးလွန် ဖေါက်ဖျက်နေတယ်။ လိုက်နာဆောင်ရွက်ခြင်း မရှိဘူး။ လိုက်နာဖို့ လိုတယ် ဆိုတာကို ဖိအားပေးနိုင်ဖို့ ကျနော်တို့ စတင်ပြီး ကြိုးစားနေပါတယ် ခင်ဗျား။
မေး ---- AHRC မှ ထုတ်ပြန်သည့် အချက်က လူနှစ်ယောက်ကို ရဲက နှိပ်စက် ညှဉ်းပန်းတဲ့ အခြေခံနဲ့ ထုတ်တယ်ပေါ့လေ။ ဒါပေမဲ့ ကျနော်တို့ နားလည်ထား တာက ဒီလိုဖမ်းဆီးပြီးတော့ နှိပ်စက်တာက ရှေးကတည်းက နှိပ်စက်လာခဲ့တာ မဟုတ်လားခင်ဗျား။ အခုမှ ဘာကြောင့် ကြေငြာချက် ထုတ်ရပါသလဲ။
ဦးမင်းလွင်ဦး ----- ဟုတ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံသာ မကပါဘူး။ ဗြိတိသျှ ကိုလိုနီလက်အောက်မှာ ကျရောက်ခဲ့တဲ့ ပါကစ္စတန်၊ အိန္ဒိယ၊ သီရိလကာင်္၊ နီပေါ စတဲ့နိုင်ငံတွေ အားလုံးမှာ ဒီလိုမျိုးဘဲ ရဲက နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ အစဉ်အလာတွေ ရှိတယ်။ အဲတော့ အဲဒီနှိပ်စက်ညှဉ်းပန်းတဲ့ ဥစ္စာတွေကို အရင်ကတော့ ဗြိတိသျှ ကိုလိုနီ လက်အောက်မှာ အစိုးရကိုယ်တိုင်က အကာအကွယ်ပေးပြီးတော့ ဥပဒေတွေ ထုတ်ထားတာ ဖြစ်တယ်။
အခု ဒီမိုကရေစီ လမ်းစဉ်ကို လိုက်နာကျင့်သုံးတဲ့ အခါမှာတော့ ဒါတွေကို ပြန်လည်ပြင်ဆင်ပြီး ဖြည့်စွက်လာတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ ဒါတွေကို အခုအချိန်အထိ ပြင်ဆင်ခြင်း မရှိဘူး။ ဖြည့်စွက်ခြင်း မရှိဘူး။ နောက်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို ပြန်လည်ဆွေးနွေး သုံးသပ်ခြင်း မရှိဘူး။ ဒါကြောင့် ရဲရယ်၊ ထောက်လှမ်းရေးရယ် စတဲ့အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ နှိပ်စက်ညှဉ်းပန်းခြင်းကို အခုအချိန်အထိ တရားဝင် ခွင့်ပြုထားသလို ဖြစ်နေတာက ရပ်တန်းက ရပ်သင့်ပြီး ဆိုတာကို ပြောလိုခြင်း ဖြစ်ပါတယ်ခင်ဗျား။
အာရှလူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦး ဖြစ်ပါတယ်။
ကြေငြာချက် အပြည့်အစုံကို ဤအင်တာနက် စာမျက်နှာတွင် ဖတ်ရှု လေ့လာ နိုင်ပါတယ်။ http://www.ahrchk.net/statements/mainfile.php/2009statements/2275/

Thursday, October 29, 2009
ရွှေပျောက်မှုမှာ အမှု မကျူးလွန်တဲ့ သူတွေကို ရဲကဖမ်းဆီးနှိပ်စက်
RFA ----- 29/ 10/ 2009
မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖေါက်ရာမှာ၊ သတင်းလွတ်လပ်ခွင့် မရှိရာမှာ၊ အကတိလိုက်စားရာမှာ၊ တရားစီရင်ရေးမဏ္ဍိုင်စနစ် ပျက်ပြားရာမှာ၊ ဘာသာရေး အရ ဖိနှိပ်ချုပ်ခြယ်တဲ့အရာမှာ ရာဇ၀င်သွင် စာရင်းဝင်တဲ့ ထိပ်ဆုံးက နိုင်ငံတွေမှာ ဘက်က တနိုင်ငံ ဖြစ်နေပါတယ်။ လူ့အခွင့်အရေး အကျိုးဆောင်တွေကလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်း ခံရသူတွေ ညှဉ်းပန်းနှိပ်စက် ခံရတာကို မပြတ် စိုးရိမ်ကြောက်ကြနေရပြီး ဒီကိစ္စတွေကို အထူးဘဲရာရုံထား လေ့လာ၊ သုံးသပ် နေကြတာပါ။
ဒါပေမဲ့ နိုင်ငံရေးမှုတွေ မကဘဲ သာမန်ပြည်သူ အထူးသဖြင့် ဆင်းရဲသူဆင်းရဲသား တွေကိုလည်း သာမန်ပြစ်မှုကို အကြောင်းပြ ညှဉ်းပန်း နှိပ်စက်တာ ရှိတယ်လို့ AHRC လို့ခေါ်တဲ့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ကြေငြာချက် ထုတ်ပြန်ုလိုက် ပါတယ်။
ရန်ကုန်တိုင်း တွံတေးမြို့နယ်က ရွှေဆိုင်တဆိုင် ရွှေပျောက်မှုနဲ့ ပတ်သက်ပြီ ဘာပြစ်မှုမှ မကျူးလွန်တဲ့ လူငယ် ၂ ဦး ညှဉ်းပန်းနှိပ်စက် ခံရတာကို AHRC က ခရေစေ့တွင်းကျ တင်ပြထားပြီး ဥပဒေရှုထောင့်ကိုပါ ဖေါ်ပြထားတာပါ။ AHRC ရှေ့နေ ဦးမင်းလွင်ဦး ထောက်ပြတာကတော့ ----
“ထုတ်ပြန်ကြေငြာချက်မှာ ဆိုလိုတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အထဲမှာလည်း နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ နှိပ်စက်ညှဉ်းပန်းခြင်း ခံရရင် ဘယ်လို အကာအကွယ်ပေးမယ် ဆိုတာကို ပြဌာန်းချက် မရှိဘူး ဖြစ်တယ်။ နောက်ပြီးတော့ ကုလသမဂ္ဂ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ ပဋိဥာဉ် စာတမ်းကို မြန်မာနိုင်ငံ အစိုးရက လက်မှတ်မထိုးထားဘူး။ အဲတော့ အနိမ့်ဆုံး စံသတ်မှတ် ချက်တွေကို နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ထည့်ပေးဖို့လိုတယ်။ နောက်ပြီးတော့ တရားရုံးတွေကလည်း ဒီလိုအမှုတွေကို လာတိုင်တယ် ဆိုလို့ရှိရင် အရေးယူ စစ်ဆေးပေးဖို့ လိုတာဖြစ်တယ်။“
မြန်မာနိုင်ငံမှာ ရဲက မတရား နှိပ်စက်ရင် အကာအကွယ်ပေးတဲ့ အက်ဥပဒေရှိပေမဲ့ တိုင်တန်းတဲ့အခါ အရေးယူဆောင်ရွက်ပေးတာ မရှိဘူးလို့လည်း ဝေဖန်ပါတယ်။
“မြန်မာနိုင်ငံအတွင်းမှာ ၁၉၉၅ ခုနှစ် ရဲစည်းမျဉ်း စည်းကမ်း ထိန်းသိမ်းရေး အက်ဥပဒေဆိုတာ ရှိတယ်။ အဲဒီမှာ တရားခံတယောက်ကို နှိပ်စက်ညှဉ်းပန်းပြီး ငွေတောင်းတယ် ဆိုလို့ရှိရင် ထောင်ဒဏ် (၃) အပြစ်ပေးနိုင်တယ်လို့ ဆိုတယ်။ သို့သော်လည်း အဲဒီလို တိုင်ကြားတဲ့ ကိစ္စရပ်တွေကို ဘယ်သူကမှ အရေးယူ ဆောင်ရွက်ပေးတာကို ကျနော်တို့ မတွေ့ရဘူး။”
အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းကို တိုင်တန်းတယ်ဆိုရင် ကြုံရနိုင်တဲ့ အခြေအနေတွေကိုလည်း ----
“မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တရားရုံးကလည်း အားကိုးမရတဲ့ အခါကျတော့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းတွေကိုလည်း ကျူးလွန်ခြင်း ခံရတဲ့သူတွေက မေတ္တာရပ်ခံ တိုင်ကြားရမဲ့ သဘောမျိုး ဖြစ်တယ်။ အဲဒီအခါမှာ စာနာတဲ့သူ ရှိရင်တော့ အဲဒီအမှုကို အရေးယူဆောင်ရွက်တဲ့ အခြေအနေမျိုး ရောက်လာ နိုင်တယ်။ အဲဒီလိုမျိုး မဟုတ်ဘူး ဆိုလို့ရှိရင် တိုင်တန်းတဲ့ သူတွေရဲ့ လုံ့ခြုံရေးကို ရဲတွေကနေပြီး တဖက်တလမ်းကနေ အနှောင့်အယှက် ပေးမယ်၊ ခြိမ်းခြောက်လာမယ်။ ဒါတွေကို လက်ရှိမှာ ကျနော်တို့ ရင်ဆိုင်နေရတယ်။”
ဒီလို အကြောင်းတွေ၊ အခြေအနေတွေကို အခြေခံပြီး AHRC က အခုလို တိုက်တွန်းပါတယ်။
“မြန်မာနိုင်ငံက ကုလသမဂ္ဂက ပြဌာန်းထားတဲ့ နှိပ်စက် ညှဉ်းပန်းခြင်းဆိုင်ရာ ကိစ္စရပ်ကို ဆန့်ကျင်ပြီးတော့ ပဋိဥာဉ်စာတမ်းကို လက်မှတ်ထိုးဖို့ရယ်၊ နောက်ပြီး လူ့အခွင့်အရေး အဖွဲ့အစည်း အသီးသီးကလည်း မြန်မာနိုင်ငံ အတွင်းမှာ ရှိနေတဲ့ လက်ရှိ အခြေအနေတွေကို မှတ်တမ်းယူ တိုင်တမ်းကြဖို့ရယ်၊ ဒါတွေကို ဆောင်ရွက်ပေးဖို့ ကျနော်တို့ ဒီနေ့ ထုတ်ပြန်ရခြင်း ဖြစ်တယ်။”
အာဏာရှိသူနဲ့ အာဏာမဲ့သူ၊ လုပ်ပိုင်ခွင့်ရှိသူနဲ့ လုပ်ပိုင်ခွင့်မဲ့သူ၊ တရားမဲ့သူနဲ့ မတရားခံရသူ စတဲ့စတဲ့ ခံစားခွင့်ရှိသူနဲ့ ခံစားခွင့် မဲ့သူတို့ ဘက်နှစ်ဖက်ရှိနေချိန်မှာ မြန်မာနိုင်ငံက လက်ရှိအခြေအနေကိုလည်း ---
”အဲတော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရဲဟာ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီးတော့ နှိပ်စက်ငွေယူနေတဲ့ အခြေအနေမျိုး ဖြစ်တယ်။
အာရှ လူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်သွားတာပါရှင်း။

Wednesday, October 28, 2009
တရားစီရင်ရေးစနစ်ကို လေ့လာရန် လွတ်လပ်တဲ့ တရားသူကြီးနဲ့ ရှေ့နေများအဖွဲ့ ကိုယ်စားလှယ် မြန်မာနိုင်ငံသို့ သွားရောက်မည်
VOA ----- 27/ 10/ 2009
မြန်မာနိုင်ငံအတွင်း တရားစီရင်ရေးစနစ်တွေ၊ ဥပဒေ၀န်ထမ်းတွေနဲ့ ရှေ့နေတွေရဲ့ လုပ်ငန်းဆောင်တာတွေဟာ လွတ်လပ်မှု ရှိ/ မရှိ လေ့လာနိုင်ဖို့ ဆွစ်ဇာလန်အခြေစိုက် Independence of Judge and Lawyer (လွတ်လပ်တဲ့ တရားသူကြီးများနဲ့ ရှေ့နေများအဖွဲ့)က ကိုယ်စားလှယ် Gabriela Carina Knaul de Albuquerque e Silva နိုဝင်လအတွင်းမှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်အိုဟေး ကင်တားနားက ပြောဆိုလိုက်တာပါ။ အောက်တိုဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မစ္စတာ ကင်တားနားရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ သူက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ တရားသူကြီးချုပ် ဦးအောင်တိုးက လွတ်လပ်တဲ့ တရားသူကြီးများနဲ့ ရှေ့နေများဆိုင်ရာ အထူးကိုယ်စားလှယ် လာရောက်ခွင့်ကို လက်ခံလိုက်တယ် ဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ပြောပါတယ်။ အခုလို ပြည်ပက တရားရေးဆိုင်ရာ အထူးကိုယ်စားလှယ် တဦးကို လာရောက် ခွင့်ပြုလိုက်တဲ့အတွက် ဟောင်ကောင် အခြေစိုက် AHRC လို့ခေါ်တဲ့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ကြိုဆိုလိုက်ပါတယ်။
နှစ်ပေါင်းများစွာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့ တရားစီရင်ရေး စနစ်ကို အခုသွားမဲ့ ဥပဒေ အထူးကိုယ်စားလှယ်က ကြိုတင်လေ့လာ သိရှိပြီး ဖြစ်တယ်လို့ AHRC အဖွဲ့မှ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
“ကျနော်တို့ သိရသလောက်က နိုဝင်ဘာ ဒုတိယအပါတ်နဲ့ တတိယပါတ်ထဲမှာ သွားနိုင်ဖို့ သူတို့စီစဉ်နေတယ်လို့ ကျနော်တို့ သိရပါတယ်။ အထူးကိုယ်စားလှယ် အနေနဲ့ သွားရောက်ပြီးတော့ လေ့လာတဲ့အခါမှာလည်း ကျနော်တို့ မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်တွေ အထဲမှာ ဥပဒေနဲ့ မညီဘဲ လွဲမှားစွာ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက် တော်တော်များများကို သူ့အနေနဲ့ လေ့လာပြီးသား ဖြစ်တယ်။
ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ တရားစီရင်ရေးစနစ်က နှစ်ပေါင်း (၅၀) ကျော်လောက်အထိ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်။ မြန်မာနိုင်ငံက တရားစီရင်ရေးစနစ် ဗုံးဗုံးလဲသွားတယ်လို့တောင် ကျနော်တို့ ပြောလို့ရပါတယ်။”
ဒါပေမဲ့ မြန်မာနိုင်ငံကို ရောက်တဲ့အခါမှာ လွတ်လွတ်လပ်လပ်နဲ့ အကန့်အသတ်မရှိ စုံစမ်းလေ့လာနိုင်ခွင့် ရဖို့လိုတယ်လို့လည်း ဦးမင်းလွင်ဦးက ပြောပါတယ်။
“အမှားမှား အယွင်းယွင်း ဆုံးဖြတ်ထားတဲ့ ကိစ္စရပ်တွေရှိတယ်။ အဲတော့ ဥပနေနဲ့မညီတဲ့ ကိစ္စရပ်တွေမှာ အထူးကိုယ်စားလှယ် သွားရောက်ပြီးတဲ့ နောက်ပိုင်းတွေမှာ အချို့ကိစ္စရပ်တွေကို ပြန်လည်ပြင်ဆင်ပေးလိမ့်မယ်။ နောက်ပြီးတော့ ပြန်လည်သုံးသပ် ပေးလိမ့်မယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။ အစိုးရအနေနဲ့ နိုင်ငံတကာက ဖိအားပေးလာတဲ့ အခါတွေမှာ ဒီလိုမျိုး ရံဖန်ရံခါနဲ့ ဖိတ်ခေါ်တာတို့ ဟန်ပြအနေနဲ့ လုပ်ပြတတ်တာတွေ ရှိတဲ့အတွက် ကျနော်တို့ကတော့ သိပ်မမျှော်လင့်ထားဘူး။ သို့သော်လည်း ဘာမှ မဖြစ်တာနဲ့စာရင် ယခုလိုမျိုး ၀င်ရောက် လေ့လာခွင့်ပေးတာက တရားရုံးနဲ့ ပတ်သက်တဲ့သူတွေအတွက် ပထမဦးဆုံး ခြေလှမ်းဖြစ်လိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်ထားပါတယ်။”
ဒါ့အပြင် နိုင်ငံရေး အမှုတွေကို စီရင်ဆုံးဖြတ်တဲ့ နေရာမှာ လွဲချော်နေတဲ့ အချက်တွေကိုလည်း ဥပဒေ အထူးကိုယ်စားလှယ် အနေနဲ့ အဓိက လေ့လာဖို့ကိုလည်း AHRC အဖွဲ့က တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။
“မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးသမားတွေနဲ့ ပတ်သက်တဲ့ မှုခင်းတွေကို စစ်ဆေးစီရင်တဲ့ အခါတွေမှာ ဥပဒေနဲ့ မညီဘဲနဲ့ စစ်ဆေးဆောင်ရွက်ထားတဲ့ ကိစ္စရပ်တွေ ရှိတယ်။ နောက်ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေ အပေါ်မှာ စစ်ဆေးစီရင်ထားတဲ့ ကိစ္စရပ်တွေက တော်တော် လွန်လွန်ကျူးကျူး ဖြစ်တယ်။ ဒီဥစ္စာတွေကို ထောက်ပြပြီးတော့ မေးမြန်းနိုင်လိမ့်မယ်။ ဒီအပေါ်မှာ ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုလိမ့်မယ်လို့ ကျနော်တို့အနေနဲ့ ထင်မြင်ယူဆပါတယ် ခင်ဗျား။
ဒါကတော့ မြန်မာနိုင်ငံကို ရှေ့လာမဲ့ နိုဝင်ဘာလအတွင်း ဆွစ်ဇာလန် အခြေစိုက် လွတ်လပ်တဲ့ တရားသူကြီးများနဲ့ ရှေ့နေများဆိုင်ရာ ကိုယ်စားလှယ် သွားမဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ AHRC အဖွဲ့မှ ရှေ့နေ ဦးမင်းလွင်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်ရှင်း။

မြန်မာနိုင်ငံသို့ သွားမည့် တရားသူကြီးများနဲ့ ရှေ့နေများအဖွဲ့ အထူးကိုယ်စားလှယ်ထံ AHRC မှ အိတ်ဖွင့်ပေးစာ ပေးပို့
RFA ----- 27/ 10/ 2009
သောတရှင်များခင်ဗျား။ လူ့အခွင့်အရေး ကောင်စီရဲ့ လက်အောက်ခံ ဌာန တခုဖြစ်တဲ့ လွတ်လပ်တဲ့ တရားသူကြီးများနဲ့ ရှေ့နေများဆိုင်ရာ ဌာန အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံ တရားသူကြီးချုပ် ဦးအောင်တိုးရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံက တရားစီရင်ရေးဆိုင်ရာ ကိစ္စတွေကို လေ့လာဖို့ သွားရောက်မှာ ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ ၂၂ ရက်နေ့က မြန်မာနိုင်ငံ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားက သတင်းထောက်တွေကို ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံက တရားစီရင်ရေးဆိုင်ရာ ကိစ္စတွေကို သွားရောက်လေ့လာမဲ့ အထူးကိုယ်စားလှယ် Mrs Gabriela Carina Knaul de Albuquerque e Silva ဟာ အဓိကထား လေ့လာသင့်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင် ကနေ သူ့ကို အိတ်ဖွင့်ပေးစာ တစောင် ရေးသားလိုက်ပါတယ်။ အခုလို အိတ်ဖွင့်ပေးစာ ရေးသားတာနဲ့ ပတ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးက အခုလို ပြောဆိုပါတယ်။
“တရားသူကြီးချုပ် ဦးအောင်တိုး ကနေပြီးတော့ လွတ်လပ်တဲ့ တရားသူကြီးများနဲ့ ရှေ့နချုပ်များအဖွဲ့က အထူးကိုယ်စားလှယ်ကို အခုလို မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ တရားစီရင်ရေး စနစ်တွေကို လာရောက် လေ့လာနိုင်ဖို့အတွက် ဖိတ်ခေါ်တဲ့ ကိစ္စရပ်ကို ကျနော်တို့ အထူးတလည် ကြိုဆိုတာကို ကျနော်တို့အနေနဲ့ ပြောချင်ပါတယ်။ အခုလိုသွားရောက်ဖို့ အခွင့်အလမ်း ကြုံတဲ့အခါမှာ အထူးလေ့လာ အကြံပြုဖို့အတွက် ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင် ကနေပြီးတော့ အကြံပြု တင်ပြထားတာ ဖြစ်ပါတယ် ခင်ဗျား။”
မြန်မာနိုင်ငံက တရားစီရင်ရေးဆိုင်ရာ ကိစ္စနဲ့ ပတ်သက်ပြီး အထူးကိုယ်စားလှယ် မစ္စခရယ်ဘီယ ဆယ်လဗားကို ရေးသားတဲ့ စာထဲမှာ မြန်မာနိုင်ငံက တရားစီရင်ရေးကဏ္ဍတွေဟာ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် မရှိရုံမကဘဲ ယိုယွင်းပျက်စီးမှုတွေ ရှိနေကြောင်း ဒီိကိစ္စနဲ့ ပတ်သက်ပြီး အဓိက အာရုံထား လေ့လာသင့်တဲ့ အချက် (၅) ချက်ကို ထောက်ပြ ရေးသားထားပါတယ်။
(၁) အချက်အနေနဲ့ မြန်မာနိုင်ငံက တရားစီရင်ရေး စနစ်ဟာ အချိန်တိုအတွင်း လူပုဂ္ဂိုလ် တဦးတယောက်၊ ဥပဒေ တစ်ခု၊ နှစ်ခုလောက် ပြင်ဆင်လိုက်ရုံနဲ့ ပြုပြင်လို့ ရနိုင်မှာ မဟုတ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ ၁၉၆၂ ခုနှစ်၊ ဦးနေ၀င်း ဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်း ကတည်းက အခုအချိန်အထိ နှစ်ပေါင်း (၅၀)လုံးလုံး မြန်မာနိုင်ငံက တရားစီရင်ရေးစနစ်ဟာ ယိုယွင်းပျက်စီးနေခဲ့တာ ဖြစ်ကြောင်း၊ ဒါကြောင့် လူတချို့၊ ဥပဒေတချို့ ပြင်ဆင်ရုံ ရေတို စီမံကိန်းနဲ့ ပြင်ဆင်လို့ ရနိုင်မှာ မဟုတ်ကြောင်း၊ တရားစီရင်ရေး ကဏ္ဍကြီး တခုလုံးကို ဆယ်စုနှစ်နဲ့ အချိန်ယူပြီး ရေရှည် ပြုပြင်ရမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။
ဒုတိယ အချက်အနေနဲ့ မြန်မာနိုင်ငံက တရားစီရင်ရေး ကဏ္ဍအတွင်း ကျင့်ဝတ်သိက္ခာ ပျက်စီးမှုမှာ တရားသူကြီးတွေ၊ တရားရေး ၀န်ထမ်းတွေမက တရားခံ ရှေ့နေတွေဟာလည်း ဥပဒေအကျိုးဆောင် အလုပ်ထက် အမှုကြားပွဲစား အလုပ်ကို လုပ်ကိုင်နေရကြောင်း၊ ဘာကြောင့်လဲဆိုတော့ တရားသူကြီး၊ ရဲ၊ တရားလို တရားရေး ၀န်ထမ်း စတဲ့ သူတွေအကြား အမှုနဲ့ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေ ကို တရားခံ ရှေ့နေက ကြားကညှိနှိုင်း ဆောင်ရွက်ပေးရတဲ့ အလုပ်ကိုသာ အဓိက လုပ်နေရကြောင်း။
တတိယ အချက်အနေနဲ့ အဂတိ လိုက်စားမှုနဲ့ ပြည့်နှက်နေတဲ့ မြန်မာ့ တရားစီရင်ရေးအပေါ် ပြည်သူတွေရဲ့ ယုံကြည်အားထားမှုဟာ သုညအဆင့်ကို ရောက်ရှိနေကြောင်း၊ တနည်းအားဖြင့် မြန်မာနိုင်ငံက တရားစီရင်ရေးအပေါ် ပြည်သူတွေဟာ လုံးဝ အယုံအကြည် မရှိတော့တဲ့ အချက်ဖြစ်ကြောင်း။
စတုတ္ထ အချက်နေနဲ့ မြန်မာနိုင်ငံဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ဆိုနဲ့ အာဏာ (၃)ရပ်ဟာ သီးခြား တည်ရှိနေခြင်း မရှိတဲ့ အချက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက တရားစီရင်ရေးဟာ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ဆိုသည့် အမိန့်များ၊ ပြဌာန်းချက်များဖြင့်လည်း အုပ်ချုပ်ခဲ့ဖူးကြောင်း၊ လွတ်လပ်တဲ့ ဥပဒေပြုရေး လွှတ်တော်လည်း မရှိခဲ့ကြောင်း၊ နောက် -----
ပဉ္ခမ အချက် အနေနဲ့ကတော့ တရားရုံးတွေဟာ အများပြည်သူ ကြားနာခွင့် ပြည့်ပြည့်၀၀ မရှိသလို တရားရုံးများ တရားစီရင်ရေးဆိုင်ရာ ကိစ္စများကို လွတ်လွတ်လပ်လပ် ရေးသား ဖေါ်ပြခွင့် မရှိတာဟာလည်း ပြဿနာတရပ် ဖြစ်နေရကြောင်း စတဲ့အချက်အလက်တွေကို မြန်မာနိုင်ငံကို သွားရောက်မဲ့ မစ္စတာ ခရယ်ဘာကို ပေးတဲ့စာထဲမှာ ရှင်းလင်း ရေးသားထားပါတယ်။
အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံက တရားစီရင်ရေးဆိုင်ရာ ကိစ္စတွေကို အမြဲမပြတ် လေ့လာနေတာ ဖြစ်ပြီး အထူးသဖြင့် နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီး အရေးယူရာမှာ တရားရုံးတွေရဲ့ ဥပဒေကျင့်ထုံးနဲ့ မညီညွတ်တာတွေ၊ တရားရုံး တရားသူကြီးတွေနဲ့ တရားသူကြီးတွေရဲ့ ကျင့်ဝတ်နဲ့အညီ လုပ်ဆောင်ခြင်း မရှိတာတွေကို လေ့လာပြုစုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေ ထံကိုလည်း ပေးပို့နေတာ ဖြစ်ကြောင်း၊ အဲဒီလို အမှုကိစ္စတွေနဲ့ ပတ်သက်လို့လည်း သွားရောက်မဲ့ အထူးကိုယ်စားလှယ် အနေနဲ့ အလေးထား စေလိုကြောင်း လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးက ဆက်လက် ပြောဆိုပါတယ်။
“တိုင်းရင်းသား ခေါင်းဆောင်တွေကို တရားခွင်တွေ ကနေပြီးတော့ ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ပေးထားတာရှိတယ်။ နောက်တခါ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ စစ်ဆေး စီရင်တဲ့အမှုတွေမှာ အမှန်မကန် ဖြစ်နေတဲ့ အချက်အလက်၊ ဆိုင်ကလုန်းနာဂစ်မှာ ကူညီတဲ့ သူတွေကို ပြစ်ဒဏ်တွေ ကြီးလေးစွာ ပေးထားတဲ့ ကိစ္စရပ်တွေကို ကျနော်တို့က အထောက်အထား စုံလင်စွာနဲ့ တင်ပြပြီးသား ဖြစ်တယ်။ အခုသွားမဲ့ ခရီးစဉ်အတွင်းမှာလည်း ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ ရှိနေတဲ့ တရားစီရင်ရေး စနစ်ရယ်။ နောက်ပြီး ဒီလိုမျိုး အမျှမတ၊ အမှန်မကန် စစ်ဆေး ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကို ထိန်းကြောင်း ပဲ့တင် ပေးနိုင်မယ်လို့ ကျနော်တို့ အနေနဲ့ ယူဆပြီးတော့ ဒီနေ့ အိတ်ဖွင့်ပေးစာ ရေးသား ပေးပို့ရခြင်း ဖြစ်ပါတယ် ခင်ဗျား။”
ဦးမင်းလွင်ဦး ပြောဆိုခဲ့တာပါ။
(အာရှလူ့အခွင့်အရေး ကော်မရှင်မှ ပေးပို့သော အိတ်ဖွင့်ပေးစာကို ဤအင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်ပါတယ်။) http://www.ahrchk.net/statements/mainfile.php/2009statements/2273/

Tuesday, October 27, 2009
အထူးကျွမ်းကျင်တဲ့ စပါယ်ရှယ်လစ် ရှေ့နေ (ကဲယုံချင်ယုံ၊ မယုံချင်နေ အပိုင်း--၄)
မင်းလွင်ဦး
အောက်တိုဘာလ ၂၇ရက်၊ ၂၀၀၉ ခုနှစ်

ရဲစခန်းကတဆင့် ညွှန်ပြလို့ငှားတဲ့ရှေ့နေ၊ အမှုပွဲစားတွေက ငှားပေးတဲ့ရှေ့နေ၊ တရားခွင်စာရေးနဲ့ ဘီးလစ် စာရေးတို့က ညွှန်းတဲ့ရှေ့နေ၊ တရားသူကြီး ကိုယ်တိုင်က ငှားဖို့ပြောတဲ့ရှေ့နေ အစရှိသဖြင့် အမှုဖြစ်လာပြီ ဆိုမှတော့ ငွေကုန်ဖို့က နည်းလမ်းပေါင်းစုံနဲ့ ပေါ်လာတာပါပဲ….။ သေဒဏ်ထိုက်သင့်တဲ့ အမှုကို ကျူးလွန်ပြီး ငွေမတတ်နိုင်တဲ့ အမှုသည်တွေအတွက် နိုင်ငံတော်က အစိုးရစားရိတ်နဲ့ ရှေ့နေငှားပေးပါတယ်..။
တကယ်တန်းပြောရရင် အထက်တန်းရှေ့နေ၊ မှတ်ပုံတင်လက်မှတ်ရရှေ့နေ၊ တရားရုံးချုပ်ရှေ့နေ အစရှိသဖြင့် ရှေ့နေတွေထဲမှာလည်း အမျိုးမျိုးပါ၊ အထက်တန်းရှေ့နေ ဆိုတာကမြို့နယ်၊ခရိုင်၊ ပြည်နယ်နဲတိုင်း အထိဘဲလိုက်ပါ ဆောင်ရွက်လို့ရတယ်။ ရန်ကုန်တိုင်းမှာ လိုက်ပါဆောင်ရွက်ဖို့ စာရင်းတင်ထားတဲ့ ရှေ့နေက အခြားပြည်နယ်နဲ့တိုင်းမှာ အမှုသွားလိုက်ချင်ရင် လိုက်ပါဆောင်ရွက် ခွင့်ကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းမှာ ထပ်မံတင်ပြခွင့်တောင်းရပြီး တရားရုံးချုပ် ရှေ့နေကတော့ မြန်မာနိုင်ငံ တနိုင်ငံလုံးကို လိုက်ပါ ဆောင်ရွက်နိုင်တယ်။
ဆရာဝန်မှားသွားရင် “လူနာကမြေကြီးအောက် ခြောက်ပေမှာ စန့်စန့်လေး နေရသလို၊ ရှေ့နေတချက်လျှာ ချော်သွားရင်လဲ အမှုသည်က လေထဲမှာ ခြောက်ပေတန်းလန်းနဲ့ ဂန့်ရတယ်” ဆိုတဲ့ ဆိုရိုးစကားရှိတယ်လေ။ ဒါကြောင့် ရှေ့နေငှားမယ်ဆိုရင်လည်း စိတ်ချရဖို့လိုတယ်။ ဥပဒေကို ပိုင်ပိုင်နိုင်နိုင် သိတဲ့ရှေ့နေဆိုပေမဲ့ တရားရုံးနဲ့မပိုင်ရင်လည်း မဖြစ်သေးဘူးလေ…။ ခေတ်နဲ့ စံနစ်ကိုက အဲဒီလိုဖြစ်နေတာကိုး..။ ဆရာဝန်တွေမှာ အထူးကု ဆိုတာတွေ ရှိသလို ရှေ့နေတွေမှာလည်း စပါယ်လစ် ရှေ့နေတွေရှိပါတယ်။ မူးယစ်ဆေးဝါးမှုဆိုရင် ဘယ်မြို့နယ်မှာ ဘယ်သူ့ကိုငှား၊ လူသတ်မှု ဓါးပြမှုဆိုရင် ဘယ်ရှေ့နေကိုငှား၊ စသုံးလုံး အမှုဆိုရင် သူတို့နဲ့ အမြဲတန်း ထိတွေ့နေတဲ့ ရှေ့နေကိုရှာ၊ မုဒိန်းမှုဆိုရင်တော့ဖြင့် ဘယ်သူက အတော်ဆုံး စသဖြင့် အထူးကျွမ်းကျင်တဲ့ သူတွေရှိပါတယ်။
ရှေ့နေတွေကလည်း ပေါမှပေါ။ တချို့ဆိုနာမည်တူတွေများလွန်းလို့ တရားရုံးချုပ်က နံပါတ်တပ် ပေးထားတယ်။ ဥပမာ--- မောင်မောင်ဆိုတဲ့အမည်က မြန်မာပြည်မှာ အလွန်အမှည့်များတဲ့ နာမည်ပေါ့။ တရားရုံးချုပ်ရှေ့နေတွေ ထဲမှာတင် ကျနော်တို့ခေတ်က ၆ ဦးလောက်ရှိတယ်။ အဲဒီတော့ ဦးမောင်မောင် (၁)(၂) (၃) စသဖြင့် အမှတ်စဉ် ထိုးပေးလိုက်တာ (၆) ကျတော့ သိပ် အဆင်မပြေဘူး။ နံပါတ် ၆ လား၊ လူကအခြောက်လား ဆိုတာကို အမှုသည်တွေက မသိဘူး… ။ အဲဒီလို မဖြစ်ရအောင် တချို့ကျတော့ ယူထားတဲ့ ဘွဲထူးတွေနဲ့ ကိုယ့်ဖါသာကိုယ် ခွဲလိုက်တယ်.. ။ ဒေါက်တာ မောင်မောင်ကျော်၊ ဦးအုန်းမောင် (စိတ်ပညာ) စသဖြင့်ပေါ့..။ တချို့ကျတော့လည်း မိမိရဲ့မွေး ရပ်မြေကို အမည် နောက်မှာ ထည့်လိုက်တာပါပဲ။ ဦးအေးမောင်(ပန်းတနော်)၊ စိန်ဝင်း(မြင်းခြံ)၊ မျိုးထွဋ်(ညောင်တုန်း) စသဖြင့်ပေါ့။ နွားထိုးကြီးတို့၊ ပြွန်တန်ဆာတို့က ရှေ့နေတွေတော့ မွေးရပ်ထည့်တာမတွေ့ပါဘူး…။ မွေးရပ်မြေကို မချစ်လို့တော့ မဟုတ်ဘူး ထင်ပါတယ်…။ ဒါက ရှေ့နေတွေကိုယ်တိုင် ရွေးချယ်ထားတဲ့နာမည်ပါ။
အမှုသည်တွေကလည်း လူအမျိုးမျိုးမဟုတ်လား။ ပေးထားတဲ့ အမည်တွေအတိုင်း ခေါ်ချင်မှခေါ်တာ နောက်ကွယ်ကျရင် ပြောချင်ရာပြောတာ.. ။ ငွေပေးပြီး ငှားထားရတော့ နောက်ကွယ်မှာ ပေးထားတာနဲ့ တန်အောင် ခေါ်လိုက်အုံးမယ် ဆိုပြီး ခေါ်ကြတာပါဘဲ…။ သူတို့လည်းသူတို့ နာကျည်းချက်တွေနဲ့ကိုး…။ ဘယ်တားလို့ ရပါ့မလဲ။ အဲဒီလိုခေါ်ကြတဲ့ အထဲမှာ အချို့ဂုဏ်ထူး ၀ိသေသတွေက မဆိုးဘူးခေတ်မှီတယ်လို့ ပြောရင်ရတယ်။ မူးယစ်ဆေးဝါးမှု၊ ဓါးပြမှုလိုက်တဲ့ ရှေ့နေတွေကို ပေးထားတာက အီတလီ မာဖီးယားဂိုဏ်းက ခေါင်းဆောင်တွေလို ဒွန် ဘယ်သူဘယ်ဝါပေါ့….။ အဲဒီရှေ့နေဆို မူးယစ်ဆေးဝါးမှုတွေမှာ စပါယ်ရှယ်လစ် လို့သာမှတ်။
၁၉၈၈ မတိုင်မှီက မူးယစ်ဆေးဝါးမှုက များမှများကိုး။ အဲဒီတော့ ကျွမ်းကျင်သူတွေ ပေါ်လာတာပေါ့….။ ဘယ်မြို့နယ်မှာဆို ဒွန် ဘယ်သူကို ငှားလိုက်ပေါ့၊ မုဒိန်းမှုတွေ လိုက်တဲ့ ရှေ့နေတွေကျတော့ သိပ်မသက်သာလှဘူး။ ကျနော်တို့ ခေတ်တုန်းက မုဒိန်းမှုတွေဆို ရဲကနေ အငြိမ်းစားယူပြီး ရှေ့နေလိုက်တဲ့ သူတွေက အဲဒီအမှုတွေကို ရတာများတယ်…။ စေ့စေ့ပေါက်ပေါက် မေးရတာ ရယ်..။ နောက်ပြီး စွပ်စွဲတဲ့သူ၊ ကျူးလွန်ခံရတဲ့ အမျိုးသမီးက အမှန်အကန်လား၊ အကြံအဖန်လား ဆိုတာတွေကို သူတို့က ရဲလုပ်သက်တွေအရ သိပြီးသားဆိုတော့ အဲဒီတချက်က သူတို့အတွက် တပန်းသာတာပေါ့ဗျာ…။ တခါက ရဲဝန်ထောက်ဟောင်း တရားရုံးချုပ် ရှေ့နေတဦးဆို မေးရင်းမေးရင်း အာတွေ့သွားလို့ တရားရုံးချုပ်ကလိုင်စင် ၂ နှစ် အနားပေးတာ ခံလိုက်ရတာတွေလည်း ရှိတယ်။
ပါးစပ်လိုင်စင် ရပြီဆိုပြီး ပြောချင်တာ ပြောလို့တော့ မရဘူး.. ။ ကန့်သတ်ချက် တွေကိုလည်း သတိထားမှ အဲဒီရှေ့နေတွေကိုတော့ အမှုသည်တွေက မုဒိန်းကိုရှေ့ကတပ်ရင်တပ်၊ ဒါမှမဟုတ်ရင် နောက်က တပ်ပေးလိုက်တာပဲ မုဒိန်း ဘယ်သူဘယ်ဝါပေါ့ဗျာ…။ အဲဒါကြောင့် သိပ်မကောင်းဘူး ပြောတာ။ တခါကပန်းပဲ တန်းမြို့နယ်မှာ နာမည်ကြီး အရိုးအကြောကု ဆရာကြီးနဲ့ နာမည်ကြီး ဗေဒင်ဆရာတို့ ၂ ဦးရဲ့ အမှုကို လိုက်ပေးတဲ့ သူဆို အမှုသည်တွေ အမှုက ဂွင်းလုံးကျွတ် လွတ်ကုန်လို့ အဲဒီဘွဲ့ကို မယူချင်ပဲနဲ့ အပ်နှင်းခံ လိုက်ရတယ်။
နောက်တခါ ခေတ်အခြေအနေက မကောင်းတော့ ငွေရလွယ်တဲ့ အလုပ်ကို လုပ်ကြရတဲ့ အမျိုးသမီး တွေလဲအမျိုးမျိုးပါဘဲ။ ဒါတောင် ခုခေတ်လိုမိုတယ်တွေ၊ နိုက်ကလပ်တွေမရှိလို့ ကျနော်တို့ခေတ်က စားသောက်ဆိုင်တွေနဲ့ လေအေးသာတို့ လောက်ပဲရှိတာ၊ ညဖက်ဆူးလေလမ်း၊ ကမ်းနားလမ်း၊ လမ်း ၃၀ ၊ ဦးဝိစာရလမ်းနဲ့ သင်္ဃင်္န်းကျွန်းဘိုမတို့လိုနေရာတွေလဲရှိတော့ အဲဒီအမှု တွေကလည်း အများသား၊ မြို့နယ်တွေအ လိုက်ရှိကြပေမဲ့၊ အများဆုံးလို့ ပြောလို့ရတာက ပန်းပဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေမှာပါ။
အဲဒီအမှုတွေ မှာလဲ စပါယ်ရှယ်လစ်အထူးကျွမ်းကျင်တဲ့ရှေ့နေတွေရှိတယ်။ မှောင်ရိပ်ခိုတာမဟုတ်ဘူး တူတူပုန်းတမ်းကစား နေတာပါဆိုတာတွေပေါ့၊ အဲဒီရှေ့နေတွေကျတော့ပိုပြီးဆိုးတယ် ဘွဲ့ထူးကို အားမနာပါးမနာ အမှုသည် တွေကပေးလိုက်တာများ ဘယ်သူဘယ်ဝါပေါ့ဗျာ။ သူ့ခမျာလဲ နာမည်သာ ဆိုးတာပါ။ ရုံးလာရင် သူ့အနားမှာ အရွယ်စုံ၊ ဆိုက်စုံ ၀ိုင်းအုံနေလိုက်တာများ တခါတခါ မထင်ရတဲ့သူတွေပါ တွေ့ရသေးတယ်။
အထူးကျွမ်းကျင်တဲ့ ရှေ့နေတွေကိုလဲ သိရပြီဆိုမှတော့ ငှားရတော့မှာပေါ့..။ ရှေ့နေခလား ဒါလဲအမျိုးမျိုးဘဲ၊ နေ့တွက်နဲ့ လိုက်တဲ့ရှေ့နေ သူက ရုံးချိန်းရက်တွေမှာ ခရီးစရိတ် အပြီးအငြိမ်း တခေါက်ကို ဘယ်လောက်ပေး ဆိုတာမျိုးပေါ့။ အမှုသည်တွေက မတတ်နိုင်ရင် ရှေ့နေတချို့လည်း သနားပြီး အဲဒီလို လိုက်ပေးရတာပဲ။ ပေးတဲ့အခါပေး၊ မပေးတဲ့အခါလည်း မပေးတဲ့ အမှုသည်လည်း ရှိပါတယ်။ ပုတ်ပြတ်နဲ့ လိုက်တဲ့ရှေ့နေ သူကတော့ အမှုကို မြို့နယ်ရုံးမှာ အပြီးအထိ လိုက်ပါ ဆောင်ရွက်ပေးမယ်။ ဘယ်ရွေ့ဘယ်မျှပေါ့၊ ဒီနေရာမှာ တရားရုံးချုပ် ရှေ့နေတွေက အမြင့်ဆုံး တရားရုံးထိ လိုက်ပါဆောင်ရွက်ပေးမယ်။ ဘယ်လောက်ဆိုပြီး တောင်းတာလဲရှိတယ်။ တချို့ ရှေ့နေကတော့ ရှင်းတယ်။ တရားရုံးကို ပေးစရာရှိတဲ့ ကိစ္စခင်ဗျားတို့ ဖါသာလုပ် ရှေ့နေကတော့ ဥပဒေဘောင်ထဲက ကိစ္စတွေကို အကုန် ပြည့်စုံအောင် မေးမြန်း စစ်ဆေးပေးမယ်လို့ ပြောတာရှိတယ်။ တချို့ ရှေ့နေက အဲဒီလို မဟုတ်ဘူး။ တရားသူကြီးနဲ့ ရုံးကိစ္စ အားလုံးအတွက် ဘယ်လောက်ပေးရမယ်။ ရှေ့နေခက ဘယ်လောက် စသဖြင့်လည်း ပြောတတ်တယ်။
အမှုစစ်နေရင်းကနေ တရားရုံး ဆုံးဖြတ်ချက်တွေကို မကျေနပ်လို့ အယူခံ၊ ပြင်ဆင်တက်ရရင် ငွေထပ်ပေး ရပါတယ်။ အဲဒါကိုတော့ တသီးစား၊ နှစ်သီးစားစသဖြင့် တရားရုံး အဆင့်ဆင့်ပေါ်မှာ မူတည်ပြီး ထပ်မံငွေပေးရပါ သေးတယ်။ ဥပဒေပညာနဲ့ အသက်မွေးတဲ့ ရှေ့နေတွေကတော့ တရားရုံး အဆင့်ဆင့်အတွက် ခရီးစရိပ်ကလွဲလို့ ထပ်တောင်းတာ မရှိပါ။ အချို့အချို့သော ရှေ့နေများကတော့ မိုးပေါ်ထိ တက်လည်း ငွေထပ်တောင်း အုံးမှာပါဘဲလို့ ပြောလိုက်ပါရစေ…။
အဲဒါကြောင့် ပြောတာပေါ့ ဘယ်လောက်ချမ်းသာလို့လည်း အမှုတမှုရင်ဆိုင်ကြည့်ပါလား။

ကိုရွှေဂျိုး၊ ကိုစိန်လှိုင်၊ မမြင့်မြင့်စန်း တို့ကို ဖမ်းဆီးခြင်းသည် ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ AHRC ပြော
RFA ---- 21/ 10/ 2009
ကိုရွှေဂျိုး အပါအ၀င် (၃) ဦးကို ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကိစ္စမှာ အာဏာပိုင်တွေ ဘက်က ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ရှိနေတာကြောင့် အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ထောက်ပြထားပါတယ်။ ဒီလို ထောက်ပြတာနဲ့ ပတ်သက်ပြီး အသေးစိတ်ကို သိရှိနိုင်ဖို့အတွက် အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဖြစ်တဲ့ ဦးမင်းလွင်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မေး ----- အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီ (၃) ဦးကို စစ်အစိုးရ အာဏာပိုင်တွေ ကနေပြီးတော့ တရားမ၀င် ဖမ်းဆီးတယ်လို့ ထောက်ပြထားတာ တွေ့ရပါတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်တာလဲ ခင်ဗျား။
ဦးမင်းလွင်ဦး ------ ကိုရွှေဂျိုး အပါအ၀င် ကိုစိန်လှိုင်၊ မချို (ခေါ်) မမြင့်မြင့်စန်း တို့ (၃) ယောက်စလုံးကို ရဲအုပ် စိန်လှိုင်ရယ်၊ သက်တင်ရယ်၊ သူတို့ကနေပြီးတော့ ခေါ်ယူစစ်ဆေး မေးမြန်းတဲ့ကာလက မေလအထိ ကြာသွားတယ်။ ဒါကြောင့် အဲဒီ အောင်သပြေ စစ်ကြောရေးစခန်းမှာ ဖမ်းဆီးထားတဲ့ (၃) လ ကာလက ကိုရွှေဂျိုး အပါအ၀င် (၃) ဦးစလုံးကို မတရား ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်တယ်။ ကျနော်တို့ အနေနဲ့ လူတဦးတယောက်ကို ဖမ်းမယ်ဆိုလို့ရှိရင် တရားရုံးက ထုတ်ပေးထားတဲ့ လူဖမ်းဝါရမ်း ပါဖို့လိုပါတယ်။ လူကို ဆက်လက် ချုပ်နှောင်ထားဖို့ စစ်ဆေးမေးမြန်းစရာ ရှိတဲ့အတွက် ဆက်လက်ချုပ်နှောင်ထားမယ် ဆိုလို့ရှိရင် တရားရုံးရဲ့ ရမန်လိုပါတယ်။ အဲဒါတွေ မပါဘဲနဲ့ ဖမ်းဆီးချုပ်နှောင်ထား တဲ့အတွက် တနည်းအားဖြင့် ပြောရမယ် ဆိုလို့ရှိရင် ဒါဟာ အာဏာပိုင်တွေက နေပြီးတော့ ကိုရွှေဂျိုး၊ ကိုစိန်လှိုင်၊ မချို (ခေါ်) မြင့်မြင့်စန်းတို့ကို ပြန်ပေးဆွဲထားတဲ့ သဘောလို့တောင် ကျနော်တို့ အနေနဲ့ ပြောလို့ရပါတယ်။
မေး ----- ဒီ (၃) ဦးကို အခုဆိုလို့ရှိရင် တရားရုံးတင်ထားတယ်လို့ သိရပါတယ်။ အဲဒီတော့ သူတို့ကို တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ဘယ်လိုသုံးသပ်မိပါသလဲ။
ဦးမင်းလွင်ဦး ------ သူတို့ကို တရားစွဲဆိုထားတဲ့ ကိစ္စရပ်တွေမှာ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ တရားလိုဘက်ကနေပြီးတော့ တင်ပြနိုင်ခြင်း မရှိဘူးဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ ဒီစစ်ကြောရေး စခန်းမှာ (၃)လနီးပါး ဖမ်းဆီးနှိပ်စက်ပြီးတော့ ရရှိထားတဲ့ သက်သေထွက်ချက်တွေကို တရားရုံးမှာ သက်သေခံအဖြစ် လာရောက် ထွက်ဆိုနေတာကို ကျနော်တို့ မှတ်တမ်းတွေအရ သိရှိရတယ်။ ဒါတွေက ကျနော်တို့ ပြဌာန်းဥပဒေတွေနဲ့ မညီတဲ့ ကျူးလွန် ဖေါက်ဖျက်မှုတွေ ဖြစ်နေတယ်ဆိုတာကို ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ အဓိကထား ပြောချင်ပါတယ်။
မေး ----- နောက်တခုက သူတို့ကို တရားရုံးမှာ တင်တဲ့သက်သေခံ အထောက်အထားက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး။ ဥပဒေ ချိုးဖေါက်မှုတွေ ရှိနေတယ်လို့ ပြေတယ်။ ဘာကြောင့် အဲဒီလို ပြောရတာလဲ ခင်ဗျား။
ဦးမင်းလွင်ဦး ----- အဲဒီလိုမျိုး ကိုရွှေဂျိုးတို့၊ ကိုစိန်လှိုင်တို့၊ မချို (ခေါ်) မြင့်မြင့်စန်းတို့ (၃)ဦးကို ဒီအမှုမှာ အပြစ်ပေးနိုင်လောက်တဲ့ အထောက်အထား တစုံတရာ ကျနော်တို့ မတွေ့ရပါဘူး။ မတရားအသင်းနဲ့ ဆက်သွယ်တယ်၊ ငွေပေးငွေယူလုပ်တယ် ဆိုတဲ့ကိစ္စရပ်တွေမှာ တိတိကျကျနဲ့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြနိုင်ခြင်း မရှိပါဘူး။
မေး ----- နောက်တခုက ရိုက်နှက် စစ်ဆေးလို့ တွေ့ရှိတဲ့ ထွက်ချက်တွေက တရားရုံးမှာ တင်ရင် အမှန် ဖြစ်နိုင်ပါရဲ့လား။
ဦးမင်းလွင်ဦး ------ သက်သေခံဥပဒေနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာပါတဲ့ ပြဌာန်းချက်တွေ အရကတော့ ရှင်းရှင်းလင်းလင်း ပြဌာန်းထားတာ ဖြစ်တယ်။ ရဲထံမှ ထွက်တဲ့ ထွက်ဆိုချက်ကို တရားရုံးမှာ သက်သေခံအဖြစ် အမှုမှာ စဉ်းစားခြင်း မပြုရပါဘူး။ ရဲထံထွက်ချက်က သက်သေခံဥပဒေအရ သက်သေခံ မ၀င်ပါဘူး။ သို့သော်လည်း အဲဒီလို သက်သေခံဝင်တဲ့ သဘောရောက်အောင် ရဲအုပ်ကျော်စိုးနဲ့ ရဲအုပ်သက်တင်က စစ်ကြောချက်တွေကို တရားရုံးမှာ လာပြီးတော့ ထွက်ဆို တင်သွင်းတယ် တိုတာက ပြဌာန်းဥပဒေတွေကို အတိအလင်း ကျူးလွန်ဖေါက်ဖျက်တာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီအမှုဟာ တရားမျှတ မှန်ကန်မှု မရှိဘူးဆိုတာကို ကျနော်တို့ ပြောဆိုရခြင်း ဖြစ်ပါတယ်။
ဒါတွေကတော့ လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ကိုရွှေကျိုး (ခ) ကိုမြတ်စိုး အပါအ၀င် (၃) ဦး အမှုနဲ့ ပတ်သက်ပြီးတော့ အာရှလူ့အခွင့်အရေး ကော်မရှ လေ့လာသုံးသပ်ချက်တွေကို နားသောတဆင်ခဲ့ရတာဖြစ် ပါတယ် ခင်ဗျား။

လှိုင်မြို့နယ်မှ NLD အဖွဲ့ဝင်များ ဖမ်းဆီးခြင်း ခံရမှု
RFA ----- 21/ 10/2009
လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ကိုရွေးဂျိုး (ခေါ်) ကိုမြတ်စိုး အပါအ၀င် (၃) ဦးကို စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးတော့ တရားမ၀င်တဲ့ သက်သေထွက်ချက်တွေနဲ့ ရုံးတင်စစ်ဆေးနေတယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC မှ ထုတ်ပြန်ကြေငြာ လိုက်ပါတယ် ခင်ဗျား။
ကိုရွှေဂျိုး၊ ဒေါ်မြင့်မြင့်စန်းနဲ့ ကိုစိန်လှိုင်တို့ (၃) ယောက်ကို တရားမ၀င် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ပြီးခဲ့တဲ့ မတ်လထဲမှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် မေလကျမှ သူတို့ကို တရားစွဲခဲ့ပါတယ်။ မတ်လကနေ မေလအထိ ဖမ်းထားတဲ့ကာလဟာ တရားမ၀င် ဖမ်းဆီးထားတာဖြစ်တယ်။ ဒီကိစ္စဟာ အာဏာပိုင်တွေက ရာဇ၀တ်မှု ကျူးလွန်လိုက်တယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက RFA ကို ပြောဆိုပါတယ်။
“မတ်လအတွင်းကနေ စတင်ဖမ်းဆီးထားတာ ဖြစ်တယ်။ မေလအထိ အောင်သပြေ စစ်ကြောရေးစခန်းမှာ မတရား ဖမ်းဆီး ချုပ်နှောင်ထားတာ ဖြစ်တယ်။ အဲတော့ မေလ ကျတော့မှ အင်းစိန်ထောင်အတွင်းကို ပို့ပေးပြီးတော့မှ စက်တင်ဘာလ ရောက်တဲ့အခါကျတော့မှဘဲ တရားရုံးကို အမှုစွဲဖွင့်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် မတ်လကနေ စက်တင်ဘာလအထိ ဖမ်းဆီးထားခြင်းဟာ မတရားချုပ်နှောင် ဖမ်းဆီးထားခြင်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။ တရားလိုဘက်က တင်ပြတဲ့ သက်သေအားလုံးကလည်း ဖမ်းဆီးခံရစဉ် အတွင်းမှာ ကိုရွေဂျိုး၊ ကိုစိန်လှိုင်နဲ့ မချိုတို့ကို နှိပ်စက်ညှဉ်းပန်းပြီးတော့ ရရှိလာတဲ့ သက်သေထွက်ချက်ကိုဘဲ တရားရုံးမှာ သက်သေခံအဖြစ် လာရောက်ပြီးတော့ ဖတ်ကြား တင်သွင်းတယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။”
ကိုရွှေဂျိုးတို့ ၃ ဦးစလုံးကို အောင်သပြေ စစ်ကြောရေးစခန်းမှာ အစိုးရ ထောက်လှမ်းရေး အရာရှိတွေက ညှဉ်းပမ်းပြီး နှိပ်စက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ကိုရွှေဂျိုး အပါအ၀င် ၃ ဦးဟာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေကို ထောက်ပံ့ကူညီဖို့အတွက် ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ အတိုက်အခံ အဖွဲ့အစည်းတွေထံကနေ အမေရိကန်ဒေါ်လာ ၁၅၀၀၀ (တစ်သောင်းငါးထောင်) ရယူခဲ့တယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားကြောင်း သိရတယ်လို့ အာရှ လူ့အခွင့်အရေးကော်မရှင် က ပြောပါတယ်။

Friday, October 23, 2009
၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူများ ပြောဆိုသုံးသပ်ချက်
VOA ----- 19/ 10/ 2009
အာဆီယံနိုင်ငံတွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက အခြေအနေတွေ အပါအ၀င် ဒေသအတွင်း ပြည်သူတွေ မျှော်မှန်းထားသလောက် တိုးတက်အောင် မလုပ်ဆောင်နိုင်ဘူးလို့ ဒေသအတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန် ပြောဆိုနေကြပါတယ်။ လာမဲ့ သီတင်းပတ်ကုန် ထိုင်းနိုင်ငံမှာ ကျင်းပမည့် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အာဆီယံနိုင်ငံ အစိုးရ တွေအကြား လူ့အခွင့်အရေး ကော်မရှင် AICHR ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒီကော်မရှင်ရဲ့ အခန်းကဏ္ဍနဲ့ အာဆီယံ နိုင်ငံတွေအကြား လူ့အခွင့်ရေး အခြေအနေတွေကို ကိုသိန်းထိုက်ဦးက ဆက်ပြီးပြောပြသွားမှာ ဖြစ်ပါတယ်ရှင်။
လာမဲ့ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ ထိုင်းနိုင်ငံ ၀ါဟင်ကမ်းခြေ အပန်းဖြေ မြို့မှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ဖွဲ့စည်းမဲ့ အာဆီယံနိုင်ငံ အစိုးရ တွေအကြား လူ့အခွင့်အရေး ကော်မရှင် AICHR က ဒေသတွင်း နိုင်ငံတွေအတွင်း သမိုင်းမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပထမဆုံး ပေါ်ပေါက်လာမဲ့ အဖွဲ့အစည်း တခုပါ။ ဒီကော်မရှင်မှာ ပါဝင်မဲ့ သူတွေကို အာဆီယံ အဖွဲ့ဝင် နိုင်ငံအများစုက အစိုးရကဘဲ တိုက်ရိုက် ရွေးချယ်နေတဲ့ အတွက်လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အမှုဆောင် ဒါရိုက်တာ Mr Basil Fernando ကတော့--- “ဒေသအတွင်း နိုင်ငံတွေအကြား ပြည်သူတွေရဲ့ လူ့အခွင့် အရေးနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တွေ တိုးလာနေတယ်လို့ ပြောပါတယ်။ ဒီနိုင်ငံတွေ အားလုံးလိုလိုဟာ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ ဥပဒေစိုးမိုးရေးကို လူတွေရ ယခင်ကထက် ပိုမိုတောင်းဆို လာနေကြပါတယ်။ ဒီလို ဒီမိုကရေစီရေး၊ ဥပဒေစိုးမိုးရေး ဆိုတာက လူ့အခွင့်အရေးကို မလေးစားဘဲ မရယူနိုင်ပါဘူး။ လူ့အခွင့်အရေး အတွက်က အာဆီယံနိုင်ငံ တခုချင်းဆီသာ အရေးကြီးတာ မဟုတ်ဘဲ အာဆီယံနှင့် နိုင်ငံတကာ ဆက်ဆံရေးမှာလည်း အရေးကြီးတဲ့ အကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဒါရိုက်တာ Mr Basil Fernando က ပြောသွားတာပါ။”
အာဆီယံ နိုင်ငံတွေအကြား နိုင်ငံအချို့မှာ အစိုးရကို ကာကွယ်ပေးမဲ့ အဖွဲ့အစည်း သာရှိပြီး လူထုကို အကာအကွယ်ပေးမဲ့ အဖွဲ့အစည်းတွေ ထူထောင်ခွင့် မရှိတဲ့ အကြောင်း မြန်မာနိုင်ငံ အခြေအနေကို ဥပမာ ပေးပြီးတော့ ပြောသွားပါတယ်။ ဒေသတွင်း အခြားနိုင်ငံတွေမှာ မြန်မာနိုင်ငံနဲ့ နှိုင်းစာရင် လူ့အခွင့်အရေး အခြေအနေတွေ ပိုကောင်းတယ်လို့ ဆိုပေမဲ့လည်း ဒေသအတွင်း ပြည်သူတွေ မျှော်မှန်းသလောက်တော့ လူ့အခွင့်အရေးကို တိုးတက်အောင် မလုပ်ဆောင် နိုင်ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေ ကတော့ လုံးဝ ဥပဒမဲ့တဲ့ နိုင်ငံတခုလို ဖြစ်နေပါတယ်။ ဥပဒေ စိုးမိုးမှု လုံးဝမရှိပါဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေ အပါအ၀င် ပြည်သူတွေ ဘယ်သူ့ဘယ်သူ့ကိုမှ အာမခံမယ်ဆိုတဲ့ အာမခံချက်မျိုး မရှိပါဘူး။ ဥပဒေကို လေးစားမှုမရှိရင် လူ့အခွင့်အရေးကိုလည်း လေးစားမှာ မဟုတ်ပါဘူး။ လူတွေကို မတရား ဖမ်းဆီးနေတာတွေ၊ အတိုက်အခံတွေကို မတရား ဖိနှိပ်နေတာတွေ ရပ်ဆိုင်းဖို့ လိုတယ်လို့ အာရှ လူ့အခွင့်ရေး ကော်မရှင်ရဲ့ ဒါရိုက်တာ Mr Basil Fernando ပြောသွားတာပါ။
အာဆီယံ နိုင်ငံတွေကတော့ လူ့အခွင့်အရေးကို ကာကွယဖို့်ဆိုတာ နောက်မှ ဆောင်ရွက်ရမဲ့ ကိစ္စဖြစ်ပြီး။ လောလောဆယ် လူ့အခွင့်အရေးကို တိုးတက်အောင် လုပ်ဖို့ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး လှုပ်ရှားနေသူတွေကရော အာဆီယံ လူ့အခွင့်အရေး ဖွဲ့စည်းမဲ့ သတင်းအပေါ် ဘယ်လို သုံးသပ်ကြပါသလဲ။ ပဲခူးမြို့က ဒေသခံတွေရဲ့ လူ့အခွင့်အရေးကို ဆောင်ရွက်ပေးနေတဲ့ လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်က အခုလို ပြောပါတယ်။
“န အ ဖ အစိုးရက အပြည်ပြည်ဆိုင်ရာ ဥပဒေကိုလည်း ဂရုမစိုက်သလို ပြည်တွင်းက ပြဌာန်းတဲ့ ဥပဒေကိုလည်း ဂရုမစိုက်ဘူး။ ပြည်သူလူထုဆိုတာ သူတို့ခေါင်းထဲမှာ မရှိဘူး။ အဲဒီအာဆီယံ လူ့အခွင့်အရေး အဖွဲ့မှာ ပါမဲ့သူ ဆိုတာလည်း ပြည်သူလူထုက ရွေးချယ်ပေးလို့ ရမဲ့ သူတွေမဟုတ်ဘူး။ စစ်တပ်လို အမိန့်ပေးပြီးတော့ သူတို့ကြိုက်တဲ့ သူကို သူတို့ ခအပ်မှာ ဖြစ်တဲ့အတွက် အာဆီယံ နိုင်ငံမှာ လူ့အခွင့်အရေး အဖွဲ့အစည်း ရှိပေမဲ့လည်း ကျနော်တို့ မြန်မာနိုင်ငံ အတွက် မျှော်လင့်ချက်မရှိပါဘူး။ စစ်အစိုးရ အလိုကျ လူ့အခွင့်အရေး အဖွဲ့သာ ဖြစ်မှာပါ။”
လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်ရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။
....Read more
အာဆီယံနိုင်ငံတွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက အခြေအနေတွေ အပါအ၀င် ဒေသအတွင်း ပြည်သူတွေ မျှော်မှန်းထားသလောက် တိုးတက်အောင် မလုပ်ဆောင်နိုင်ဘူးလို့ ဒေသအတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန် ပြောဆိုနေကြပါတယ်။ လာမဲ့ သီတင်းပတ်ကုန် ထိုင်းနိုင်ငံမှာ ကျင်းပမည့် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အာဆီယံနိုင်ငံ အစိုးရ တွေအကြား လူ့အခွင့်အရေး ကော်မရှင် AICHR ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒီကော်မရှင်ရဲ့ အခန်းကဏ္ဍနဲ့ အာဆီယံ နိုင်ငံတွေအကြား လူ့အခွင့်ရေး အခြေအနေတွေကို ကိုသိန်းထိုက်ဦးက ဆက်ပြီးပြောပြသွားမှာ ဖြစ်ပါတယ်ရှင်။ လာမဲ့ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ ထိုင်းနိုင်ငံ ၀ါဟင်ကမ်းခြေ အပန်းဖြေ မြို့မှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ဖွဲ့စည်းမဲ့ အာဆီယံနိုင်ငံ အစိုးရ တွေအကြား လူ့အခွင့်အရေး ကော်မရှင် AICHR က ဒေသတွင်း နိုင်ငံတွေအတွင်း သမိုင်းမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပထမဆုံး ပေါ်ပေါက်လာမဲ့ အဖွဲ့အစည်း တခုပါ။ ဒီကော်မရှင်မှာ ပါဝင်မဲ့ သူတွေကို အာဆီယံ အဖွဲ့ဝင် နိုင်ငံအများစုက အစိုးရကဘဲ တိုက်ရိုက် ရွေးချယ်နေတဲ့ အတွက်လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အမှုဆောင် ဒါရိုက်တာ Mr Basil Fernando ကတော့--- “ဒေသအတွင်း နိုင်ငံတွေအကြား ပြည်သူတွေရဲ့ လူ့အခွင့် အရေးနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တွေ တိုးလာနေတယ်လို့ ပြောပါတယ်။ ဒီနိုင်ငံတွေ အားလုံးလိုလိုဟာ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ ဥပဒေစိုးမိုးရေးကို လူတွေရ ယခင်ကထက် ပိုမိုတောင်းဆို လာနေကြပါတယ်။ ဒီလို ဒီမိုကရေစီရေး၊ ဥပဒေစိုးမိုးရေး ဆိုတာက လူ့အခွင့်အရေးကို မလေးစားဘဲ မရယူနိုင်ပါဘူး။ လူ့အခွင့်အရေး အတွက်က အာဆီယံနိုင်ငံ တခုချင်းဆီသာ အရေးကြီးတာ မဟုတ်ဘဲ အာဆီယံနှင့် နိုင်ငံတကာ ဆက်ဆံရေးမှာလည်း အရေးကြီးတဲ့ အကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဒါရိုက်တာ Mr Basil Fernando က ပြောသွားတာပါ။”
အာဆီယံ နိုင်ငံတွေအကြား နိုင်ငံအချို့မှာ အစိုးရကို ကာကွယ်ပေးမဲ့ အဖွဲ့အစည်း သာရှိပြီး လူထုကို အကာအကွယ်ပေးမဲ့ အဖွဲ့အစည်းတွေ ထူထောင်ခွင့် မရှိတဲ့ အကြောင်း မြန်မာနိုင်ငံ အခြေအနေကို ဥပမာ ပေးပြီးတော့ ပြောသွားပါတယ်။ ဒေသတွင်း အခြားနိုင်ငံတွေမှာ မြန်မာနိုင်ငံနဲ့ နှိုင်းစာရင် လူ့အခွင့်အရေး အခြေအနေတွေ ပိုကောင်းတယ်လို့ ဆိုပေမဲ့လည်း ဒေသအတွင်း ပြည်သူတွေ မျှော်မှန်းသလောက်တော့ လူ့အခွင့်အရေးကို တိုးတက်အောင် မလုပ်ဆောင် နိုင်ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေ ကတော့ လုံးဝ ဥပဒမဲ့တဲ့ နိုင်ငံတခုလို ဖြစ်နေပါတယ်။ ဥပဒေ စိုးမိုးမှု လုံးဝမရှိပါဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေ အပါအ၀င် ပြည်သူတွေ ဘယ်သူ့ဘယ်သူ့ကိုမှ အာမခံမယ်ဆိုတဲ့ အာမခံချက်မျိုး မရှိပါဘူး။ ဥပဒေကို လေးစားမှုမရှိရင် လူ့အခွင့်အရေးကိုလည်း လေးစားမှာ မဟုတ်ပါဘူး။ လူတွေကို မတရား ဖမ်းဆီးနေတာတွေ၊ အတိုက်အခံတွေကို မတရား ဖိနှိပ်နေတာတွေ ရပ်ဆိုင်းဖို့ လိုတယ်လို့ အာရှ လူ့အခွင့်ရေး ကော်မရှင်ရဲ့ ဒါရိုက်တာ Mr Basil Fernando ပြောသွားတာပါ။
အာဆီယံ နိုင်ငံတွေကတော့ လူ့အခွင့်အရေးကို ကာကွယဖို့်ဆိုတာ နောက်မှ ဆောင်ရွက်ရမဲ့ ကိစ္စဖြစ်ပြီး။ လောလောဆယ် လူ့အခွင့်အရေးကို တိုးတက်အောင် လုပ်ဖို့ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး လှုပ်ရှားနေသူတွေကရော အာဆီယံ လူ့အခွင့်အရေး ဖွဲ့စည်းမဲ့ သတင်းအပေါ် ဘယ်လို သုံးသပ်ကြပါသလဲ။ ပဲခူးမြို့က ဒေသခံတွေရဲ့ လူ့အခွင့်အရေးကို ဆောင်ရွက်ပေးနေတဲ့ လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်က အခုလို ပြောပါတယ်။
“န အ ဖ အစိုးရက အပြည်ပြည်ဆိုင်ရာ ဥပဒေကိုလည်း ဂရုမစိုက်သလို ပြည်တွင်းက ပြဌာန်းတဲ့ ဥပဒေကိုလည်း ဂရုမစိုက်ဘူး။ ပြည်သူလူထုဆိုတာ သူတို့ခေါင်းထဲမှာ မရှိဘူး။ အဲဒီအာဆီယံ လူ့အခွင့်အရေး အဖွဲ့မှာ ပါမဲ့သူ ဆိုတာလည်း ပြည်သူလူထုက ရွေးချယ်ပေးလို့ ရမဲ့ သူတွေမဟုတ်ဘူး။ စစ်တပ်လို အမိန့်ပေးပြီးတော့ သူတို့ကြိုက်တဲ့ သူကို သူတို့ ခအပ်မှာ ဖြစ်တဲ့အတွက် အာဆီယံ နိုင်ငံမှာ လူ့အခွင့်အရေး အဖွဲ့အစည်း ရှိပေမဲ့လည်း ကျနော်တို့ မြန်မာနိုင်ငံ အတွက် မျှော်လင့်ချက်မရှိပါဘူး။ စစ်အစိုးရ အလိုကျ လူ့အခွင့်အရေး အဖွဲ့သာ ဖြစ်မှာပါ။”
လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်ရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။
....Read more
Subscribe to:
Posts (Atom)